Wednesday, November 26, 2008

ဘလော့ရွာသူ တမူထူး၏

တနေ့သ၌ ကျွန်ုပ်တို့သည် လျှို့ဝှက်သောလက်ဖက်ရည်ဆိုင် တနေရာဝယ် လျှို့ဝှက်အပ်သော အမှုများပြုလုပ်ရန် လျှို့ဝှက်စွာ ချိန်းဆို တွေ့ဆုံကြလေ၏။ သို့သော် ကျွန်ုပ်တို့၏ အထူးအရေးပါသော သူငယ်ချင်းအကောင်းစားကြီးမှာ တော်တော်နှင့် ရောက်မလာသဖြင့် အားလုံးက လည်တဆန့်ဆန့် ရှိနေကြလေသည်။

ထိုစဉ် တဖုန်းဖုန်းဖြင့် ပြေးလာသော သူငယ်ချင်းကြီး၏ မျက်နှာသည် ပျားတုပ်ခံထားရသော လဒကြီးကဲ့သို့ နီရဲနေသည်ကို တွေ့လိုက်ရသောအခါ မောကြီးပန်းကြီး ပြေးလာရသဖြင့် ဖြစ်မည်ဟု ကျွန်ုပ်တို့က ကောက်ချက်ချလိုက်ကြလေသည်။ သို့သော် နာရီဝက်ခန့် ကြာသည်အထိ နီရဲနေသော မျက်နှာကြီးမှာ ပုံမှန်ဖြစ်မလာပဲ မျက်စိသူငယ်အိမ်များ ကျဉ်းလိုက် ကျယ်လိုက် ဖြစ်နေခြင်း နှာခေါင်းကို ခဏခဏပွတ်ခြင်း တယောက်တည်း စပ်ဖြဲဖြဲဖြစ်သွားခြင်း စသည့် သွင်ပြင်လက္ခဏာ များကို မသင်္ကာဖွယ် တွေ့လိုက်ရသောအခါ ကျွန်ုပ်တို့လည်း နားခွက်ကဖြတ်ဆို မီးတောက်သွားလေသည်။

“ဟဲ့... သေနာကောင် မှန် မှန် ပြောစမ်း.. နင် တခုခုတော့ ငြိလာပြီ မဟုတ်လား။ မဟုတ်မှလွဲရော ရွာသူနှောက်တာပဲ ဖြစ်ရမယ်…”

သူငယ်ချင်းကြီးသည် ဟန်ဆောင်ပန်ဆောင်ပင် ငြင်းမနေတော့ပဲ သူ၏ အေဆာ ပေါင်တင် အညံ့စားလေးကို စားပွဲပေါ်တင်ကာ လက်ဖက်ရည်ဆိုင်မှ အလကားပေးသော ကြိုးမပါအင်တာနက်ကို ကော်နက် လုပ်လိုက်လေသည်။

သူပြသော ဘလော့ဆိုက်မှအနှီဓာတ်ပုံတပုံ ကိုတွေ့လိုက်ရသောအခါ ကျွန်ုပ်တို့ အဖွဲ့သားများ အားလုံးလည်း ပါးစပ်အဟောင်းသားဖြင့် မေးစိကြီးများ စားပွဲအောက်သို့ ဂေါက်ကနဲ ကျမတတ် ဖြစ်သွားရလေသည်။ (မေးစိဖြစ်သည်။ စာလုံးပေါင်း သေသေချာချာဖတ်ပါလေ။)



“ဟယ်… သူလေးက… ဂလိုဆိုတော့လည်း…”

ဝါသနာရှင်များပီပီ သံပြိုင်ရေရွတ်လိုက်ရင်း တံထွေးကို ဂလု ဂလု ဟု မျိုချ လိုက်ကြတော့သည်။

ကျွန်ုပ်တို့အထဲတွင် ဖွန်လိုက်ကြောင်ရင်း ယောဂ သင်တန်းကို ရောယောင်တက်ဖူးသဖြင့် သမာဓိ အတော်အတန် ရနေသော သူငယ်ချင်းသည် စားပွဲကို ဖြန်းခနဲပုတ်ကာ အားလုံးကို တပ်လှန့်လိုက်လေသည်။

“တယ် ... နင်တို့ဟာလေ ဒါမျိုးများဆို ငါးကြော်အနံ့ရတဲ့ ကြောင်ဖားကြီးလိုပဲ။ သွားရည်များလည်း ထိန်းကြပါဦး။ ဒါ ၀က်ဝံ ရဲ့ လှည့်ကွက်တွေ ဖြစ်နိုင်တယ်”

“မင်းကလည်း သူလေးကိုဆို အဆိုးပဲ မြင်နေတော့တာပဲ။ ဒီမှာ ရေးထားတာ ဖတ်ကြည့်ပါဦး။

JG ဘယ်အချိန်က လှမ်းရိုက်ထားမှန်းတောင် မသိလိုက်ဘူး။ ဒီနေ့ သူ့ Camera ထဲက ပုံတွေ ပြန်ကြည့်တော့မှ ကိုယ့်ကို ရိုက်ထားမှန်း သိတော့တယ်။

JG ကို မေးလိုက်တော့ ရုတ်တရက် အဲဒီအချိန်တုန်းက အဲလိုလေး ဝတ်ပြီး ရပ်နေတဲ့ ပုံက သူ့အတွက် Sexy ဖြစ်စေလို့ ရိုက်လိုက်တာတဲ့။ သူ အဲလို အမြဲ လုပ်နေကြ။ ကိုယ်မသိလိုက်ပဲ အဲလို ကိုယ့်ကို ရိုက်ထားတဲ့ ပုံတွေ အများကြီး။

အဲဒီတုန်းက Mini Short Skirt ဝတ်ထားလို့ ကိုယ့်ရဲ့Long Legs အလှ ပေါ်လွင်နေတယ် ထင်တယ်။ ကိုယ့်ကိုကိုယ် flirting လုပ်လိုက်တာ..., ဟိ :))


တွေ့ပလား။ ဒါ သူလေးရဲ့ ခြေထောက်ကွ။ သူ့ဘဲဘဲ ကိုယ်တိုင် ရိုက်ပေးထားတာ။ တောက်... အပေါ်ပိုင်းကို ဘာလို့များ ဖြတ်လိုက်ပါလိမ့်... ဟင်းဟင်းဟင်း...”

ထိုသူငယ်ချင်းလည်း ကွန်ပျုတာ စခရင်ရှေ့တွင် မျက်စိမခွာတမ်း ကိုက်မယ်ခဲမယ် သွားရည်တများများ ဟန်ပြင်နေကြသော ကျွန်ုပ်တို့ကို စိတ်ညစ်ညူးစွာဖြင့် ဒိတ်အောက်နေသော သူ့ အိတ်ခ်ျပီ ပေါင်တင်လေးကို အတင်းဆွဲထုတ်လေသည်။

“ငါကတော့ မသင်္ကာဘူး ဆရာ။ ငါ့မှာ သူခိုးဖမ်းစက်ရှိတယ်။ စစ်ကြည့်ရမယ်...”

သူသည် ကွန်ပျူတာကို အင်တာနက် ချိတ်ဆက်ကာ မည်သို့မည်ပုံ လုပ်လိုက်သည်မသိ။ ကျွန်ုပ်တို့ရှေ့မှောက်သို့ ၀က်ဘ်ဆိုဒ် တခု ဘွားကနဲ ရောက်လာလေတော့သည်။

http://flickr.com/photos/9626811@N04/2714119288


ဟယ်…

ဒါဆို ဒီသားမွေးအကျီင်္ဆိုတာလေးကရော...





http://flickr.com/photos/ferrous/160794652/


http://flickr.com/photos/ferrous/173043360/



အီတလီမုန့်တွေ သူ့ဘဲနဲ့သူ ကိုယ်တိုင် လုပ်ကြတယ် ဆိုတာကရော… လုပ်.. လုပ်.. လုပ်ပါဦးဟ





http://www.flickr.com/photos/luscioustemptations/2843647323/in/pool-52240578442@N01


http://luscioustemptations.blogspot.com/2008/08/spaghetti-with-smoked-haddock-and.html



http://flickr.com/photos/25959646@N02/2927960392/



ကျွန်ုပ်တို့လည်း ထန်းညက်ရည် နှင့် ငန်ပြာရည် မှားဆမ်းမိသည့် မုန့်လက်ကောက်ကို ပါးစပ်ထဲ အထွေးလိုက် ထည့်ဝါးမိသကဲ့သို့ ငိုချင်သလို ရယ်ချင်သလို ငန်ကျိကျိ အန်ချင်ချင်ကြီး ဖြစ်သွားကြလေသည်။

မျက်နှာကြီးနီရဲတာမပျောက်သေးတဲ့ သူငယ်ချင်းကြီးက လက်ခံချင်ပုံမပေါ်သေးပေ။
“ဟယ် သူကလေးက ဘလော့ပေါင်းများစွာ စာမျက်နှာပေါင်းများစွာမှာ ပါဝင်ရေးသားနေတာလေ။ သူကလေးရဲ့ ကိုယ်ပိုင်လေးတွေဖြစ်နေမှာပေါ့။ မင်းတို့ကလေ သူကလေးဆို… ”

“ဟဲသေနာ ငတုံး… နင်တို့အမေ မွေးထုတ်ပေးလိုက်တဲ့ ဦးနှောက်တွေ တရုပ်ကြေးအိုးဆိုင်မှာ ရောင်းစားလိုက်လို့လား။ နည်းနည်းပါးပါး ကလစ်ဆက်နှိပ်ပြီး ကြည့်ပါဦး။ သူကလေး သူကလေး နဲ့ ဟိုက မင်းတို ငတုံး လဒူ အောင်ကြူကြူဆိုပြီး အော်ရယ်နေမှာ သိရဲ့လား။ ငါပြတာကိုမြင်ရဲ့လား ကြည့် ဓာတ်ပုံတွေကိုတင်ထားတဲ့နေ့စွဲ တင်ထားတဲ့လူတွေကိုကြည့် တူသလား၊ ပြီးတော့ သူရေးထားတဲ့ နေ့တွေနဲ့ ယုတ်တိရှိရဲ့လား… မင်းလေ… မျက်နှာကြီးနီ ဟိုက ပြသမှလက်ခံ ဟိုက ငတုံးလို့ အခေါ်ခံရတာတောင် နည်းသေးတယ်။”

“ဒါဆို သူကလေးက ငါတို့ကို တကယ်လိမ်တာပေါ့နော်။ ရက်စက်လိုက်တာ။ ငါ့မှာတော့ သူကလေးကိုအားပေးလိုက်ရတာ။”

အို.. ဘလော့ပွဲလာတို့…။ ကျွန်ုပ်တို့ ဘလော့လောကကြီး မည်သို့ မည်ပုံ စခန်းသွားနေသနည်း။ ဤအတွေးတို့က ကျွန်ုပ်တို့၏ ရင်ဝကို တဒုန်းဒုန်း ဆောင့်ချေသည်။ “ဒင်းတို့ မြန်မာ ငတုံးများ ဗဟုသုတ နုံချာလှသည်။ နှပ်ချချင်တိုင်း နှပ်ချလိုက်ဦးမည်” ဟု ချစ်နှမငယ် သဘောပိုက်လေသလော။ အဟုတ်မှတ်ကာ ရေးသွားကြသော မှတ်ချက်များကို ဖဲမွေ့ရာ သဉ္ဖလီဝယ် လူးလွန့်လဲလျောင်းရင်း ဖင်ပြန်ခေါင်းပြန်ဖတ်ကာ တခစ်ခစ် ရယ်မော နေလေတော့သလော။ သကာလူးထားသော စကားလုံးကလေးများဖြင့် မျက်နှာပြောင်ပြောင် ဆင်ခြေထုတ်ကာ မထူးဇာတ်ကို ဆက်ခင်းနေဦးမည်လော။

သူကလေး၏ မီနီစကပ် ခပ်ကျပ်ကျပ် စွပ်ထားသော သမိုင်းကြောင်းတိုတိုထဲမှ အနံ့တဟောင်းဟောင်းများကို လေအပင့်ဝယ် ပြန်ပြောင်းရှူရှိုက် ကြည့်လိုပါကလည်း သူကလေး ကျူးလွန်ခဲ့သော အမှုများမှာ ၁ ကြိမ်. ၂ကြိမ်. ၃ကြိမ် မကတော့ပြီပါကလား။

(၁) Summer Time ဆိုတဲ့ ကဗျာကို ခိုးချ။ ပြီးတော့ သူရဲ့ အချစ်ဟောင်းရေးထားတာပါပြော။
(၂) Accept my sympathy ဆိုတဲ့ကဗျာကိုခိုး၊ ဟိုပြင်ဒီပြင်လုပ် မုန်တိုင်း ဒုက္ခသည်ကိုသနားချင်ယောင်ဆောင်လိုက်သေးတယ်။
(၃) julystars.blogspot.com ဆီက ဖိနပ်ပုံတွေ၊ အင်္ကျီပုံတွေကူးချပြီး သူကိုင်တိုက်ပဲ ၀ယ်ခဲ့သလိုလိုရေး။
(၄) အခုလည်းကြည့်ပါလား flickr ထဲက ပုံတွေကိုခိုးယူပြီးတင် မြန်မာတွေကိုထပ်ပြီး စော်ကားလိုက်ပြန်ပြီ။

ယခင် အချိန်များကမူ ပျော့ပျော့လေးနှင့် အားနွဲ့ရှာသော အနှီမိန်းမသားလေးကို ကျွန်ုပ်တို့ သကောင့်သားများက ဖိနှိပ်အနိုင်ကျင့်သည်ဟု အယူရောက်ကာ ပြဿနာကို သေသေချာချာ မစူးမစမ်းပဲ မားမားမတ်မတ် ရှေ့ကရပ်ပေးလိုကြသော လူကြီးမင်းများလည်း အများအပြား ပေါ်ပေါက်ခဲ့ချေသည်တမုံ့။ ယခုမူကား သူကလေး၏ သူခိုးအမှုအစုစုသည် ဂေါက်ကွင်းတွင် ဂေါ်ဇီလာ သွားသကဲ့သို့ ဂွမ်းဂွမ်းကြီး ထင်ရှားလှချေပြီ။ အိုဘယ့် ရွှေပရိသတ် .. ဆုံးဖြတ်ကြလေကုန်။


ကျွန်ုပ်တို့ ဝေဖန်ထောက်ပြနေခြင်းသည် သူမ မည်သူမည်ဝါနဲ့ ပါတ်သက်သည်ထက် စာဖတ်သူများအား မလေးစားခြင်း၊ ဘလော့ကာတို့ ထားရှိရမည် ကျင့်ဝတ်တို့ကို လုံးဝချိုးဖောက်ခြင်းတို့ကို လူကြီးမင်းတို့အား တင်ပြလိုခြင်းဖြစ်ပါသည်။

သူ့ရဲ့ဘလော့မှာ creative common license ကိုသုံး၊ သူများဖန်တီးထားသည်ကိုခိုးတာကတော့ အင်မတန်ရှက်ဖွယ်ဖြစ်ပါတယ်။

လူကြီးမင်းတို့ ဘလော့ရေးသားခြင်းသည် ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်သော်လည်း သူတပါးဖန်တီးထားသောစာ၊ ဓာတ်ပုံတွေကို ရည်ညွှန်းချက်မပေး ခိုးယူသုံးစွဲတာကတော့ အခြားဘလော့ကာနဲ့ဖန်တီးသူတွေကိုစော်ကားတာပဲဖြစ်ပါတယ်။

ဒီထက်စော်ကားတာကတော့ ငါကတော့ဘာဖြစ်လို့ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ လက်ရှိအစိုးရရဲ့ မျိုးဆက်ဖြစ်ကြောင်း ၀န်ခံထုတ်ဖော်လိုက်ပြီး အဆုံးစွန်အထိ ကျွန်ုပ်တို့အား စော်ကားလိုက်ပါပြီ။ သေသေချာချာ လေ့လာဖတ်ရှုပြီးမှ ကိုယ့်ရပ်တည်ချက်ကို ဖော်ပြပေးပါရန် လေးစားစွာဖိတ်ခေါ်ပါတယ်။




ဆက်လက်ရှုစား နိုင်ပါသေးသည်။

http://www.flickr.com/photos/drumtoo/511541667/in/set-72157600256024934/


http://flickr.com/photos/71277991@N00/545050515


http://flickr.com/photos/marcelyne/552335330/