Saturday, May 17, 2008

မရှိမဖြစ် အီးအိုတီမင်းသားကြီး ရန်အောင်

ကျွန်ုပ်တို့၏ တစ်ထောင့်တစ်ညပုံပြင်များကို လာရောက်ကြည့်ရှုနားထောင်ကြသည့် ပွဲကြည့်ပရိတ်သတ်တိုင်း ရင်သပ်ရှုမောနိုင်ရန်အလို့ ငှာ အီးအိုတီဆိုသော ဇာတ်ခုံလိုအပ်ပေသည် ။ ထွက်သက် ၀င်သက်သာရှိသော ကျွန်ုပ်တို့မှာ အဆင့် ငါးဆင့်လောက်သာမြင့်သော အနှီအီးအိုတီဇာတ်ခုံကိုတောင် ကိုယ်တိုင်တည်ဆောက်နိုင်စွမ်းမရှိ ။ သို့ ပေသောကြောင့် မြန်မာဘလော့ကာတိုင်းပြည်တွင် ထင်ရှားကျော်ကြားသော အီးအိုတီမင်းသားကြီး ရန်အောင့်ထံ ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်ရပေသည် ။

ဤနေရာတွင် မင်းသားကြီးရန်အောင်၏ ရုပ်ရည်ရူပကာကို ရှင်းလင်းတင်ပြရန် လိုအပ်သည် ။ ဦးခေါင်း ဆယ်လုံးပိုင်ဆိုင်သော ဘီလူးဒဿဂီရိနှင့် အပြိုင်ကျဲ မင်းသားကြီးရန်အောင်တွင် လေးပိုင်းပိုင်းထားသော ကိုယ်ခန္ဓာရှိသည် ။ အပိုင်းတိုင်းတွင် ခြေနှစ်ဘက် လက်နှစ်ဘက် ပါဝင်သော်လည်း ၊ ဦးခေါင်းတလုံးသာရှိသောကြောင့် ကိုယ်ခန္ဓာအောက်တွင် သူ့ ဦးခေါင်းနစ်ဝင်တတ်သဖြင့် ၊ လူမြင်အောင် ခေါင်းကိုအတင်းပြူထွက်ပြတတ်သည် ။ ကိုယ်ခန္ဓာလေးပိုင်းကို ခွဲခြားရန် ခဲယဉ်းမည်ဆိုးသောကြောင့် ထုံးဖြူဖြူနှင့် ကဗျည်းထိုးထားသည် ။ အပေါ်ဆုံးပိုင်းတွင် ပြိုးပျက်တောက်ပ မျက်စိကျိန်းနိုင်ဖွယ်ရှိသော မင်းဝတ်တန်ဆာများကို ဆင်မြန်းခါ လက်နှစ်ဖက်မှ ပုတီးစိပ်လျက် ခြေနှစ်ဘက်အောက်မှ လေ၀င်လေထွက်ကောင်းစေရန် ကားယားကြီးဖြစ်နေတတ်သည် ။ ဒုတိယပိုင်းတွင် နေမင်းကို ဆေးမှင်ကြောင်ထိုး၍ လက်နှင့် ခြေထောက်များကို အသက်ရှင်စေသည် ။ တတိယပိုင်းတွင် အေးခဲသွားသော လက်နှစ်ဘက်တွင် ဂျိုင်းကနာပေါက်၍ အတောင်ပံတို့ အလား မြှောက်တင်ထားရသည် ။ စတုတ္ထပိုင်းတွင်တော့ လူပုလေးခုနှစ်ယောက်နှင့်ယှဉ်ပြိုင်စဉ်က အနိုင်ရခဲ့သော ခြေထောက်နှစ်ဘက်ကိုတပ်စဉ်၍ တခြားကိုယ်ခန္ဓာအပိုင်းသုံးပိုင်းကို အငြိမ်မနေနိုင်သောလက်နှစ်ဘက်နှင့် ပွတ်သတ်ခါ သန်းရှာလေ့ရှိသည် ။

မင်းသားကြီး ရန်အောင်၏ ကြီးကျယ်ခန်းနားထယ်ဝါခါ မျက်စိသူငယ် နားသူငယ်ဖြစ်နေရှာသောအခြွေအရံများ နားခိုတတ်သော တိုက်ခံအိမ်တဲအိုစုတ်ရှေ့ တွင်ကား အောက်ပါဆိုင်းဘုတ်ကို တွေ့ နိုင်ပေသည် ။

အီးအိုတီမင်းသားကြီး ရန်အောင်

နိုင်ငံခြားတွင် နှစ်ပေါင်းများစွာ လည်ပတ်၍ အီးအိုတီလုပ်ပေးခဲ့ပြီး ပြန်လာပြီ။

အောက်ပိုင်းတွင်တွဲလောင်းကျနေသောအရာ ပိုင်ဆိုင်သူများ အနားမကပ်ပါနှင့် ။

အပေါ်ပိုင်းတွင် ကြီးကြီးမားမားတွဲလောင်းကျနေသောအရာ ပိုင်ဆိုင်သူများ အမြန်ချဉ်းကပ်နိုင်သည် ။

အထက်ပါအရည်အချင်းနှင့် ပြည့်စုံသောသူများကိုသာ မေတ္တာဗရဗွနှင့် စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက် အားလုံးတိုက်၍ ကူညီ ဆောင်ရွက် အသက်ပါသေသေ ဆောင်ကျဉ်းပေးမည် ။


အီးအိုတီမင်းသားကြီးရန်အောင်၏ ခြံဝန်းထဲ ခြေလှမ်းဝင်လိုက်ရာ မြင်လိုက်ရသည်မှာ - သူသည် တက်ကျမ်းတအုပ်ကို လက်တဘက်မှ ကိုယ်ခန္ဓာနောက်ကွယ်ဝှက်လျက် ကျန်လက်များကို ရှေ့ သို့ ပစ်မြှောက် ဆန့် ထုတ်ခါ သေးငယ်လှသောဦးခေါင်းထက်ရှိ ကြီးမားလှသောပါးစပ်မှ အာဘောင်အာရင်းသန်သန် အမြုပ်တစိစိထွက်သည်အထိ ဖတ်ရှုထားသော တက်ကျမ်းမှလေတရားကို ဟောကြားနေလေသည် ။ အီးအိုတီမင်းသားကြီးထံမှ အီးအိုတီဇာတ်ခုံဆောက်ရန် အကူအညီတောင်းလိုသော ကျွန်ုပ်တို့ ကဲ့သော လူအများမှာ သူ၏ တံတွေးမိုးအောက် ထီးဖွင့်ဆောင်းသူဆောင်း၊ စိတ်ပျက် ခေါင်းခါ ပြန်လှည့်သူက ပြန်လှည့် နှင့် ။ ကျွန်ုပ်တို့ သည်လည်း အီးအိုတီဇာတ်ခုံရရှိရေး တို့ အရေး ဟု ခပ်လေလေရေရွတ်၍ ကံအားလျော်စွာ အသင့်ပါရှိသော မိုးကာများကိုထုတ် တကိုယ်လုံးဖုံးကာကြပြီး လေဒဏ်ကို ကြံ့ကြံ့ခံနေလိုက်သည် ။

မိုးဒဏ် လေဒဏ်ကို ခံပြီးသည့်သကာလ အီးအိုတီမင်းသားကြီးနှင့် စကားပြောခွင့်ရတော့သည် ။

အီးအိုတီမင်းသားကြီး။ ဘာကိစ္စရှိလို့ လဲကွ ။
ကျွန်ုပ်တို့ ။ အီးအိုတီဇာတ်ခုံဆောက်ပေးဖို့ အကူအညီတောင်းချင်လို့ ပါဗျာ ။

အီးအိုတီမင်းသားကြီး။ မင်းတို့ စာမဖတ်တတ်ဘူးလားကွ ။
(သူ့ အိမ်ရှေ့ တွင်ထောင်ထားသော ဆိုင်းဘုတ်ကြီးကို လက်ညှိုးထိုးပြပြီး)
မင်းတို့ ဆီမှာ အောက်ပိုင်းတွဲလောင်းကျနေတာတွေပဲ ရှိတယ် ။ ငါ့နားလာမကပ်နဲ့ ။
ကျွန်ုပ်တို့ ။ ^%$#*&^%

ဤတွင် ကျွန်ုပ်တို့ ပြောသော အီးအိုတီမင်းသားကြီးရန်အောင်၏ပုံပြင် ပြီးဆုံးသည် ။ အီးအိုတီဇာတ်ခုံမရလိုက်သော်လည်း တစ်ထောင့်တစ်ညပုံပြင်တပုဒ် အဆစ်တင်ကျန်ခဲ့သည် ။

No comments: